ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ

ဒိန်ခဲပုံပြင်နှင့် အပြောင်းအလဲ

ဒေါက်တာ Spencer Johnson ရဲ့ "Who moved my cheese?" က အပြောင်းအလဲကို ဘယ်လို deal လုပ်ရမယ်ဆိုတာကို ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီထဲမှာတော့ Sniff နဲ့ Scurry ဆိုတဲ့ ကြွက်လေးနှစ်ကောင်ရယ် Hem နဲ့ Haw လို့ခေါ်တဲ့ လူသေးသေးလေးနှစ်ယောက်ရယ် ဇာတ်ကောင်လေးယောက်ပါဝင်ပြီး သူတို့ဟာ ဝင်္ကပါထဲမှာ သူတို့အသက်ရှင်ဖို့ စားသောက်ဖို့လိုအပ်တဲ့ ချိစ်ကို လိုက်ရှာနေကြတာပါ။

ဒီနေရာမှာ ချိစ် ဆိုတာကတော့ ကျွန်တော်တို့ဘဝမှာ ကျွန်တာ်တို့ လိုအပ်နေတဲ့ ကျွန်တော်တို့ကို ပျော်ရွှင်အောင်လုပ်နိုင်တဲ့ အရာတွေကို တင်စားထားတာပါ။ အလုပ်အကိုင် အချစ်ရေး ချမ်းသာကြွယ်ဝမှု လွတ်လပ်မှု ကျန်းမာရေး စသည်ဖြင့် ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ တစ်ယောက်လိုချင်နေတဲ့ ဒါမှမဟုတ် ရှာဖွေနေတဲ့ ချိစ်နဲ့ နောက်တစ်ယောက် လိုချင်တာနဲ့ တူမှာမဟုတ်ပါဘူး။

အဲ့လိုပဲ ဝင်္ကပါဆိုတာကတော့ ကျွန်တော်တို့တွေ ကျွန်တော်တို့ လိုချင်တာတွေကို လိုက်ရှာနေတဲ့ နေရာပတ်ဝန်းကျင်ကို တင်စားထားတာပါ။ အဲ့တာဟာ ကျွန်တော်တို့ အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်နိုင်သလို ကျွန်တော်တို့ရောက်ရှိနေတဲ့ လူမှုပတ်ဝန်းကျင်လဲ ဖြစ်နိုင်ပါတယ်။

ဒီဇာတ်ကောင်လေးယောက်ရဲ့ အပြောင်းအလဲနဲ့ကြုံတဲ့အခါ သူတို့ရဲ့ တုံ့ပြန်ပုံတွေ လုပ်ဆောင်ပုံတွေဟာ ကျွန်တော်တို့လူသားတွေ အပြောင်းအလဲကို တုံ့ပြန်ပုံသဘာဝတွေကို ထင်ဟပ်နေပါတယ်။

Hem ဆိုတဲ့ လူလေးကတော့ သူဟာ အပြောင်းအလဲကို မကြိုက်ပါဘူး။ မသေချာတဲ့ အနာဂတ်ကို တွေးကြောက်ပြီး မပြောင်းလဲချင်တဲ့သူပါ။

Haw ဆိုတဲ့လူလေးကတော့ အပြောင်းအလဲဆိုတာကြီးကြောင့် ထိတ်လန့်ခဲ့ရပါတယ်။ နောက်တော့ သူကိုယ်သူ ဟားတိုက်ပြီး ပြောင်းလဲခဲ့ပါတယ်။

Sniff ဆိုတဲ့ ကြွက်လေးကတော့ သူဟာ အပြောင်းအလဲကို အနံ့ခံနိုင်စွမ်းရှိတဲ့သူပါ။

Scurry ကြွက်လေးကတော့ အပြောင်းအလဲကို အလျင်အမြန် ချက်ချင်း လက်တွေ့လုပ်ဆောင် ပြောင်းလဲသူပါ။

သင်ရော ဘယ်အမျိုးအစားထဲမှာ ပါနေပါသလဲ???? Hem လား Haw လား Sniff လား Scurry လား???

ဒီပုံပြင်လေးထဲက အပြောင်းအလဲနဲ့ ပတ်သတ်တဲ့ သင်ခန်းစာ(၃) ခုကို ပြောပါမယ်။

၁။ ကိုယ့်ရဲ့ ချိစ်ကို အမြဲအနံ့ခံနေပါ။ ဒါမှ မင်းရဲ့ ချိစ်ဟာ ပုပ်သိုးတော့မလားဆိုတာ သိနိုင်ပါလိမ့်မယ်။

ဆိုလိုချင်တာကတော့ အပြောင်းအလဲကို လေ့လာစောင့်ကြည့်မှတ်သားနေပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အမြဲသတိထားနေပါ။ ဘယ်လိုအပြောင်းအလဲတွေဖြစ်နေလဲ သိနေပါစေ။ ကျွန်တော်တို့ဟာ comfort zone မှာပဲ နေတတ်ကြပြီး ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ပြောင်းလဲမှုအရိပ်အယောင်လေးတွေကို သတိမထားမိတတ်ကြပါဘူး။ လောကမှာ မပြောင်းလဲတဲ့အရာဆိုတာ ပြောင်းလဲခြင်းဘဲရှိတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘဝမှာ ကိုယ်ရောက်နေတဲ့နေရာလေးမှာပဲ သက်တောင့်သက်သာ မေ့မေ့လျော့လျော့မနေဘဲ အပြောင်းအလဲတွေကို အမြဲသတိထားနေရမှာပါ။

၂။ ကြောက်ရွံ့မှုတွေ ရပ်တန့်ပြီး ပြောင်းလဲလိုက်ပါ။

ပြောင်းလဲမှုတွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ကြရမှာပါ။ အဲ့ဒီအခါမှာ ကျွန်တော်တို့တွေ ပြောင်းလဲမှုကို လက်မခံနိုင်တာ မပြောင်းလဲချင်ကြတာဟာ ဒီလိုပြောင်းလဲလိုက်လို့ ဖြစ်လာမဲ့အရာတွေကို ကြိုပြီးကြောက်ရွံ့နေကြလို့ပါ။ ရှိနေတဲ့အနေအထားထက် ပိုမိုဆိုးရွားမှာကို စိုးရိမ်ကြောက်ရွံ့နေကြလို့ပါ။ ဒေါက်တာ Spencer က ပြောပါတယ်။ တကယ်တော့ မင်းကြောက်ရွံ့နေတဲ့ အရာက မင်းထင်သလောက် ကြောက်စရာမကောင်းပါဘူး။ မင်းရဲ့ စိတ်ထဲမှာ မင်းခွင့်ပြုထားတဲ့ ကြောက်စိတ်ဆိုတဲ့အရာက တကယ့်အပြင်က ဖြစ်နေတဲ့အခြေအနေထက်တောင် ပိုပြီးကြောက်စရာကောင်းပါတယ်တဲ့။ ဒါကြောင့် ဒီကြောက်ရွံ့မှုကို ကျော်လွန်နိုင်ပြီး စတင်ပြောင်းလဲနိုင်မှသာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဘဝမှာ လိုအပ်လာတဲ့အခါမှာ risk ယူဖို့ကိုလဲ မကြောက်ရွံ့သင့်ပါဘူး။

၃။ ချိစ်အဟောင်းတွေကို မင်းမြန်မြန် စွန့်လွှတ်နိုင်လေလေ မင်း ချိစ်အသစ်တွေကို မြန်မြန်ခံစားနိုင်လေလေပါပဲ။

ဆိုလိုတာကတော့ အပြောင်းအလဲကို မြန်မြန် adapt လုပ်ပါ။ မင်းရဲ့ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ လက်လွှတ်သင့်တဲ့ အရင်ကအရာတွေကို လက်လွှတ်လိုက်ပါ။ အတိတ်ကို ဆုပ်ကိုင်ထားခြင်းဟာ မင်းရဲ့ အချိန်တွေ အင်အားတွေကုန်ပြီး မင်းကို စိတ်ပျက်စေပါလိမ့်မယ်။ အဲ့ဒီအစား မင်းရဲ့ အချိန်တွေ စွမ်းအားတွေကို မင်းရဲ့ ဘဝကို အပြောင်းအလဲနဲ့ adjust လုပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ သုံးလိုက်ပါ။ အပြောင်းအလဲဆိုတာကို မင်းအတွက် တိုးတတ်ဖို့ ကြီးထွားဖို့အတွက် အခွင့်အရေးတစ်ခုလို့မြင်ပြီး မြန်မြန်ပြောင်းလဲနိုင်မယ်ဆိုရင် ချိစ်အသစ်တွေက မင်းကို စောင့်နေပါလိမ့်မယ်။

John C Maxwell ပြောထားရှိပါတယ်။

Change is inevitable, Growth is optional. ပါတဲ့။

ပြောင်းလဲမှုဆိုတာကတော့ ကျွန်တော်တို့တွေ မလွဲဧကန်ကြုံတွေ့ရမဲ့အရာဖြစ်ပါတယ်။ အဲ့ဒီပြောင်းလဲမှုကို ကြီးထွားဖို့ တိုးတတ်ဖို့ဆိုတဲ့ အခွင့်အလမ်းအနေနဲ့ သုံးတာ မသုံးတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

Last updated